Sunday, August 2, 2009

သစ်ရွက်ကလေး လေမှာမျောလွင့်သလို

သစ်ရွက်ကလေး လေမှာမျောလွင့်သလို
နာရီစက်ဝိုင်းများကို ကျောခိုင်းခဲ့တယ်
နောက်ကြောင်းပြန်ဇာတ်လမ်းမှာ
မင်းသားမဖြစ်ခဲ့တာတော့အသေချာ။
ငွေရှာရတာမလွယ်ဘူး
ခေါက်ရိုးကျိုး ဘာသာစကားကိုနှုတ်တိုတ်ကျက်
ရွတ်ကြ။
နှုတ်ခမ်းနဲ့ နန်းရုံနဲ့  ပန်းပွင့်ကြေးဆိုရင်
ဒီကောင်မှာ သွေးသံရဲရဲ နှုတ်ခမ်းတစ်စုံ
ဖြစ်မလာဘူး….
ဘာဆိုဘာမှ ဖြစ်မလာဘူး။
နင်းခြေခံရတဲ့ စီးကရက်တိုလို
ခုတ်တိုင်းရှတတ်တဲ့ ကိုယ့်နှလုံးသားကို
ကိုယ်ရွံတယ်။
ကျရာနေ၊စေရာသွား…..
စကားများများမပြောဘူး
ရာဇဝင်ပုံပြင်တွေ စိတ်မဝင်စားဘူး
နောက်……………..
အချစ်ဆိုတာကိုမယုံချင်ဘူး
ထားတော့……………..
နှုတ်ဆက်လိုက်ရုံနဲ့ ပြီးသွားတဲ့ဇာတ်လမ်းမှာ
အလွမ်းဟာဝမ်းကိုမပြည့်စေခဲ့ဘူး။
ရာသီဥတု ပုခက်လွှဲရာနောက် ကောက်ကောက်ပါခဲ့သူ
ရုပ်နာမ်နှစ်ပါး အနိစများ စိတ်မဝင်စားဘူး
ဒီလိုခွဲခွာခြင်းမှာ နာကျင်စရာမပါဘူး
အမေ့ရင်ခွင်ကို ခွဲခွာသွားဖူးသလို
အမေ့ရင်ခွင်က ခွဲခွာသွားတာ ခံရဖူးတယ်
နင်းလျှောက်နေကျ လမ်းလေးမှာ
နာရီတွေ ကျပျောက်သွားတာကြာခဲ့ပြီ
ကြိုမသိနိုင်တဲ့ မသိခြင်းနယ်ထဲကို
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ် တိုးဝင်ရင်း
ကိုယ့်မနက်ဖြန်ဟာ
ချောက်ကမ်းပါးလား၊တောင်ထိပ်လား၊
ကိုယ်မသိချင်တဲ့ ကိုယ့်အနာဂါတ်ကို ကိုယ်မကြည့်ဘဲ
ကိုယ့်ကိုကိုယ် ရွေ့ လျားနေလိုက်တာ။
ရေးသားသူ….ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........