အကြောင်းမကြားဘာမကြား သူ့ ဆီရောက်လာမယ်
အပြင်က လူသားစစ်စစ်ကို
မှန်ထဲကရုပ်ကညာနေတယ်
မှန်ထဲကို သေသေချာချာကြည့်တော့
ဖြူနေတဲ့ဆံပင်တချို့ က ပြန်မည်းနေတယ်
ကျိုးနေတဲ့သွားတချို့ က ပြန်ပေါက်နေတယ်
တွန့် နေတဲ့အရေပြားက ချောမွေ့ မွတ်ညက်နေတယ်
အခုချိန်ထိ ရုပ်ရှင်ကြည့်နေရသလိုပါပဲ
ကမ္ဘာမြေ ရဲ့သရုပ်ဆောင်ကောင်းပုံက
တစ်နေရာရောက်တော့ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့
လူသားဒုကသည်တွေနဲ့ 
တစ်နေရာ ရောက်တော့
အီလက်ထရွန်းနစ် ကမ္ဘာကို
ဝင်ရောက်စီးနင်းခွင့်ရတဲ့ လူတန်းစားတွေနဲ့ 
တစ်နေရာရောက်တော့
အပစ်ခက် ရပ်စဲရေးနဲ့  ငြိမ်းချမ်းရေးနဲ့  ဆွေးနွေးပွဲနဲ့။
ကျွန်တော်စဉ်းစား နေတာက
အမေရိကတိုတ်ကို
ဘာဖြစ်လို့  “ ကိုလံဘတ်” လို့ နာမည်မပေးရတာလဲ
ဖြစ်နိုင်ရင် ဒီ သီတင်းပတ်တခုလုံးကို
နောင် လေးငါးနှစ်ကျော်ကြာ သီတင်းပတ်တွေကြားထဲ
ရွေ့ ထားချင်တယ်
မာယာကော့စကီးကတော့
“ခင်ဗျားကိုယ့်ကိုကိုယ် ဘာလို့ ကဗျာဆရာလို့ ခေါ်ရဲရတာလဲ”
……….တဲ့။
တကယ်တော့ ကျွန်တော်က
အသေခံဗုံးခွဲမှုတွေကိုလည်း မနှစ်သက်
ဂွါတာနာမို အကျဉ်းစခန်းတွေကိုလည်း ရွံ့ မုန်းတတ်သူပါ။
လက်ဝဲသုန္ဒရပဲဖြစ်ဖြစ်
ဒီလန်တောမတ်စ်ပဲဖြစ်ဖြစ်
ချားလ်စ်ဘန်စတိုင်းပဲဖြစ်ဖြစ်
ဂျွန်အက်ရှာဘရီဟင်းချိုလည်း
ကဗျာဓါတ်မပါရင် မချိုနိုင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ်
သူဟာ ဒီစကြာဝဠာကြီးထဲမှာ
မေ့ဆေးပေးခံထားရတဲ့လူနာဘယ်နှစ်ယောက်ဖြစ်ကြောင်း
သာမန်လူတယောက်အနေနဲ့ 
နျူကလီးယား စွမ်းအားစက်ရုံတစ်ရုံကို မပိုင်နိုင်ပေမယ့်
ကိုယ့်အရေပြားအောက်က
သွေးသန့် စက်ရုံတစ်ရုံကိုတော့ ပိုင်ဆိုင်နိုင်ကြောင်း။
သူ့ ကိုသတိပေးလိုက်
သေခြင်းတရားနဲ့ ရန်သူကို
ဘယ်တော့မှအရောတဝင်နေလို့  မရဘူးဆိုတာ
ငွေအတုလုပ်တဲ့စက်ရှိပေမယ့်
ကဗျာအတုလုပ်တဲ့စက်မရှိဘူးဆိုတာ။
ကဗျာဟာရေနံ မဟုတ်ဘူး
ကဗျာဟာတွင်းထွက်မဟုတ်ဘူး
ကဗျာဟာ ယူရေနီယံမဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဘေးနားကလူကို သတိပေးလိုက်
အသွေးသားတခုသာရှိနေပါစေ
ကဗျာဟာ အကြောင်းမကြားဘာမကြား
သူ့ ဆီရောက်လာလိမ့်မယ်။ ။

No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........